Published on

Game over

Authors
  • avatar
    Name
    Sai Horm Kham
    Twitter

Game Over!!!

Super Mario Bros (မှို), Contra (ရမ်ဘို), Pac Man စတဲ့ Retro Games တွေဆော့ဖူးတဲ့ လူတိုင်း မြင်ဖူးတဲ့ စကားစုလေးပါ။ အဓိပ္ပာယ်ကတော့ သင့်မှာရှိတဲ့အသက်တွေကုန်သွားပြီဖြစ်လို့ သင်ကစားပွဲကနေထွက်သွားရပြီ ဆက်လက်ဆော့ကစားခွင့်မရှိတော့ဘူးပေါ့။ Level 1 ကနေပြန်စပေါ့။ အာ့ချိန်မှာ ကစားသမားက ရှေ့တစ်ခေါက်က မှားခဲ့တဲ့ အမှားတွေကို သတိထားပြီး မတူညီတဲ့ ကစားနည်းနဲ့ အသစ်က ပြန်စဖို့ပဲ စဉ်းစားပါတယ်။ သူ့အတွေးထဲမှာ လောကကြီးက မတရားဘူးလို့မတွေးပါဘူး။ ရန်သူတွေကများလွန်းလို့ သူမနိုင်နိုင်ဘူးလို့မတွေးပါဘူး။ Game Over ဖြစ်သွားလို့ သူများကဲ့ရဲ့မှာမကြောက်ပါဘူး။ သူ့ရဲ့စိတ်ထဲမှာရှင်းရှင်းလင်းလင်း တစ်ခုပဲတွေးပါတယ်။ သူမနိုင်သေးတဲ့ Level ကို ဖြတ်ကျော်ဖို့ပါပဲ။ အာ့လိုမျိုး ဂိမ်းတွေကစားပြီး ကြီးပြင်းလာပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ကျွန်တော့ရဲ့အတွေးတွေက အဲဒီလိုမျိုးမရိုးရှင်းတော့ပါဘူး။ Game Over လေးတစ်ခါဖြစ်သွားတာနဲ့ ကျွန်တော့်မှာ ပြန်စဖို့မလွယ်တော့ပါဘူး။ နောက်တစ်ခါ Game Over ဖြစ်မှာကြောက်တတ်လာပါပြီ။ ငါ့မှာ အာ့ Level ကျော်ဖြတ်ဖို့ အရည်အချင်းမရှိဘူးလို့ တွေးတတ်လာပါပြီ။ အာ့လို အခု အသက်၂၁ ကျွန်တော်ဟာ အသက် ၁၀ နှစ်ကျွန်တော်လောက် ရိုးရိုးရှင်းရှင်း မတွေးမိတတ်တော့တာလား?

Rank!!!

ငယ်ငယ်က အာ့လို single player, two players သာကစားလို့ရတဲ့ game တွေခေတ်စားခဲ့ပေမယ့် ယခုအခါမှာတော့ online ကစားရတဲ့ Moba Games (MLBB, LOL, Dota 2) တွေ Battle Royal Games (PUBG, COD) လို Competitive Games တွေက ပိုခေတ်စားလာပါတယ်။ အာ့လိုမျိုး online game တွေမှာ Rank ကစကားပြောပါတယ်။ ယေဘူယျအားဖြင့် Rank တူတဲ့လူကSkill တူတယ်လို့ သတ်မှတ်လို့ရပါတယ်။ Skill တူတဲ့ လူချင်းပို ကစားရတာလည်း ပိုအရသာရှိပါတယ်။ အာ့ကြောင့် ကျွန်တော်ဟာ ကျွန်တော့်နဲ့ လက်ရည်တူတဲ့လူတွေနဲ့ ကစားနိုင်ဖို့ rank တစ်ခုရောက်အောင် ကစားဖြစ်ပါတယ်။ ဒါပေမယ့် Ranking System ရဲ့ အမှောင်ခြမ်းကတော့ Game ဟာ Game တစ်ခုမဟုတ်တော့ပါဘူး။ Game ကစားတာ ပျော်ဖို့ဆိုတာထက် Rank တက်ဖို့ဖြစ်လာတယ်။ တစ်ဖက်က player တွေကို ကစားဖော်လို့ သတ်မှတ်ပြီး မလေးစားတတ်တော့ဘူး။ ရန်သူလို့သတ်မှတ်တတ်လာပြီ။ ပိုဆိုးတာတစ်ခုက Ranking ဆိုတာ Competitive Games တွေထဲမှာ ပဲရှိတာမဟုတ်ဘူးရယ်။ ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးကလဲ Ranking တွေနဲ့ သတ်မှတ်ထားပြီးသား။ အဲဒီတော့ ကျွန်တော် ဆက်ဆံနေရတဲ့လူတွေကကော် ကျွန်တော် respect ပေးလေးစားရမယ့် ကစားဖော်တွေလို့ သတ်မှတ်ရမှာလား။ ရန်သူလို့သတ်မှတ်ရမှာလား။ ဘဝကို rank တတ်ဖို့ ဖြတ်သန်းရမှာလား။ ပျော်ရွှင်ဖို့ဖြတ်သန်းရမှာလား?